မိတ္ထီလာ ၁၇ အောက်တိုဘာ
မိတ္ထီလာ၌ ဗိုလ်ချုပ်ပန်းခြံအား အများပြည်သူအပန်းဖြေအနားယူရာနေရာအဖြစ် ယခုနှစ်မကုန်မီ ကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခင်မောင်တင်ထံက သိရသည်။
“ ဗိုလ်ချုပ်ပန်းခြံ မြေရာနေရာကို အများပြည်သူအပန်းဖြေအနားယူရာနေရာအဖြစ် ဒီနှစ် ၂၀၁၉ မကုန်မီမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ဗိုလ်ချုပ်ပန်းခြံ မြေနေရာက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် အဲဒီကနေ ခွင့်ပြုချက် တောင်းခံထားပါတယ်။ အဲဒီနေရာကို အများပြည်သူ အပန်းဖြေ အနားယူရာ နေရာအဖြစ် ဆောင်ရွက်ဖို့ ဘတ်ဂျက်လျာထားတာ မရှိသေးပေမယ့် ဒီနှစ်မကုန်မီ ဆောင်ရွက်သွားမှာပါ”ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင် က ပြောသည်။
မိတ္ထီလာတွင် အများပြည်သူအပန်းဖြေစရာနေရာအဖြစ် လွတ်လပ်ရေးပန်းခြံအား ယခင်က ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ အဆိုပါပန်းခြံမြေနေရာတွင် မြို့လူထု သောက်သုံးရေ ဖြန့်ဝေသည့် ရေသန့်စက်တည်ဆောက်ထားရှိခြင်း ၊ ဖောင်တော်ဦးဘုရားပွဲတော်ကာလနှင့် အခြားပွဲတော်များ ကျင်းပသည့် အချိန်များ၌ နေရာပေးရခြင်းများ ရှိသည်။
မိတ္ထီလာ၌ အများပြည်သူအပန်းဖြေနေရာအဖြစ် ၂၀၁၅ ခုနှစ်က ဆောင်ရွက်ခဲ့သော ညနေပိုင်း အချိန်များ၌သာ အပန်းဖြေအနားယူနိုင်သည့် ဓမ္မသုခရွှေစည်းခုံ စေတီတော်အနီးရှိ အများပြည်သူ ဧရိယာနေရာ တစ်ခုသာရှိသည်။ မိတ္ထီလာမြို့သည် ခရိုင်မြို့ကြီးဖြစ်ပြီး အများပြည်သူ အပန်းဖြေအနားယူစရာပန်းခြံမျိုးမရှိခြင်းကြောင့်ယခုကဲ့သို့ဗိုလ်ချုပ်ပန်းခြံအား အများပြည်သူ အပန်းဖြေ အနားယူစရာ နေရာအဖြစ် ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ)


