မိတ္ထီလာ  ၉ မေ 

မိတ္ထီလာတွင်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၇၁၃၅ဝ အား စတင်ထုတ်ချေးပေးလျက်ရှိကြောင်း အဆိုပါဘဏ်မန်နေဂျာ ဦးမောင်အေးထံက သိရသည်။

မေလ ၆ ရက်နေ့ကစတင်ပြီး မိုးရာသီစိုက်ပျိုးစရိတ်ငွေတွေ စတင်ထုတ်ချေးပေးတာပါ။ သီးကုန်းအုပ်စုနဲ့ ညောင်ကိုင်း အုပ်စုက တောင်သူ ၁၄၂ ဦး  ၊ စပါးနဲ့အခြားသီးနှံအတွက် စုစုပေါင်း ၇၀၅ သိန်းကို ထုတ်ချေးပြီးပါပြီ။  ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၇၁၃၅ဝ သိန်းကို မြို့နယ်အတွင်းက တောင်သူ ၁၀၄၀ဝ ဦးထံ ထုတ်ချေးဖို့ လျာထားထုတ်ချေးပေးနေတာဖြစ်ပါတယ်ဟု  မိတ္ထီလာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် မန်နေဂျာ ဦးမောင်အေးက ပြောသည်။

မိတ္ထီလာမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပေးရာတွင် ကျေးရွာအုပ်စု ၅၅ အုပ်စုမှ တောင်သူ ၁၀၄၀ဝ   ဦးခန့်၏လယ်သီးနှံ (စပါး) ၁၉၅၀ဝ ဧက ၊ အခြားသီးနှံ ၄၂၁ဝဝ ဧက တို့အတွက် စပါးတစ်ဧက တစ်သိန်းငါးသောင်းကျပ်  ၊ အခြားသီးနှံတစ်ဧက
တစ်သိန်းကျပ်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်သည်။ ယခင်နှစ်က အခြားသီးနှံတစ်ဧကအား ငါးသောင်းကျပ်နှုန်းဖြင့်သာ ထုတ်ချေးခဲ့ပြီး ယခုနှစ်တွင် တစ်ဧက တစ်သိန်းကျပ်နှုန်းအထိတိုးမြှင့်ထုတ်ချေးခြင်းဖြစ်ကာ မိတ္ထီလာမြို့နယ်အတွင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအားလုံးအား ဇူလိုင်လထဲတွင်
ပြီးစီးအောင် ထုတ်ချေးပေးနိုင်မည်ဟု  မျှော်မှန်းထားကြောင်းသိရသည်။ 

ချမ်းသာ ( မိတ္ထီလာ)