မိတ္ထီလာ ၂၁ မေ


မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာအနီးရှိ ထီလာဦး မျက်စိအထူးကုဆေးရုံတွင် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ ရမည်သင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ နတ်မောက် ဒေသများမှ မျက်စိဝေဒနာရှင်များအား မေ ၂ဝ မှ ၂၁ အထိ မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်း ဥက္ကဋ္ဌနှင့် မျက်စိအထူးကုဆရာဝန်များက အခမဲ့ခွဲစိတ်ကုသပေး ဆောင်ရွက်ပေးကြောင်း သိရသည်။


မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်းအနေနဲ့ ပြည်သူ့အကျိုးလုပ်ငန်းတစ်ရပ်အဖြစ် အခုလို မျက်စိဝေဒနာရှင်တွေကို အခမဲ့ လာရောက်ခွဲစိတ် ကုသပေးတာပါ။ လူနာတွေကို အခုလိုလာရောက် မကုသပေးခင်မှာ မိတ္ထီလာပတ်ဝန်းကျင်ဒေသက လူနာတွေကို ထီလာဦးအထူးကုဆေးရုံက ဒေါက်တာ ခင်ဇော်ထွန်း က စုစည်ပေးထားတယ်။ ဆေးရုံမှာလည်း ခွဲစိတ်ခန်းနဲ့ ခွဲစိတ်ကုသ ပစ္စည်းကိရိယာ အစုံအလင်လည်းရှိတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်းက လိုအပ်တဲ့ပစ္စည်း ကိရိယာတွေလည်း ယူလာပြီး  မျက်စိအထူးကုဆရာဝန်အဖွဲ့ဝင် စုစုပေါင်း ၆ ဦးနဲ  လာရောက် အခမဲ့ခွဲစိတ်ကုသ ပေးတာပါ။ အခုက မျက်ခွံနှင့် မျက်ရည်လမ်းကြောင်းဆိုင်ရာ မျက်စိဝေဒနာရှင်တွေ ကုသပေးတာဖြစ်ပြီး လူနာတွေက အချိန်တိုတွင်း စုစုစည်းစည်း တစ်နေရာတည်းမှာ ကုသမှုခံယူရတာကြောင့် လူနာတွေအတွက် အကျိုးရှိပါတယ်ဟု  မြန်မာနိုင်ငံ မျက်စိဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ခင်ဥမ္မာခိုင်က ပြောသည်။


အခမဲ့ကုသဆောင်ရွက်မှုပေးတဲ့ လူနာအရေအတွက် ၃၈ ဦးဖြစ်ပြီး မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် အပါအဝင် ရမည်သင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ နတ်မောက် စတဲ့ ဒေသစုံက လူနာတွေ လာရောက်ကုသမှုခံယူပါတယ်။ အခုလို မျက်စိဝေဒနာရှင်လူနာတွေ တစ်စု တစ်စည်းတည်း အခမဲ့ခွဲစိတ်ကုသမှုခံယူနိုင်ဖို့ အချိန်နှစ်လခန့် ကြိုတင်စုစည်းပြင်ဆင်ဆောင်ရွက်ပေးခဲ့တာပါဟု ထီလာဦး မျက်စိအထူးကုဆေးရုံမှ ဒေါက်တာခင်ဇော်ထွန်းက ပြောသည်။ အလားတူ မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်းဥက္ကဋ္ဌနှင့် မျက်စိအထူးကုဆရာဝန်များအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုလမ်းညွှန်မှု ၊မြန်မာနိုင်ငံဆရာဝန်အသင်း၏ ပံ့ပိုးကူညီမှုဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့မှ မျက်စိဝေဒနာရှင်များအား ဇန်နဝါရီလ အတွင်းက အခမဲ့ ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ချမ်းသာ (မိတ္ထီလာ)