မြိတ် ဇွန် ၁၀
မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန်လ(၉)ရက် ညနေပိုင်းက တက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပရာ ဓာတုဗေဒအသင်းနှင့် မြန်မာစာအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဓာတုဗေဒအသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲတလျှောက် တာဝန်ယူ ဆောင်ရွက်ပေးကြသည့် ဒိုင်လူကြီးများအား အမှတ်တရလက်ဆောင်၊ (၂)ယောက်တွဲပြိုင်ပွဲနှင့် (၃)ယောက်တွဲ ပြိုင်ပွဲတို့တွင် တတိယ၊ ဒုတိယနှင့် ပထမရရှိကြသောအသင်းများမှ အားကစားသမားများအား လည်ဆွဲဆု၊ အကောင်းဆုံး အားကစားသမားဆုများကို ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုနောက် (၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ပထဝီဝင်အသင်းနှင့် (၃)ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော ဓာတုဗေဒအသင်းတို့အား တံခွန်စိုက်ဆုဖလားတို့ကို ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း က ပေးအပ်ချီးမြှင့်သည်။ အဆိုပါ (၂)ယောက်တွဲပြိုင်ပွဲနှင့် (၃)ယောက်တွဲ ပြိုင်ပွဲတို့တွင် ပြိုင်ပွဲဝင်အသင်း(၇)သင်းစီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဇွန်လ(၇)ရက်မှ(၉)ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )