ကျွန်းလှ ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ထန်းပင်ကုန်းကျေးရွာအုပ်စု ကြာတကန်ကျေးရွာရှိ မိုးအစေ့ထုတ်ပြောင်း စံပြကွက်တွင် ဇူလိုင် ၁၅ ရက်က FAW ငမြောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးအစေ့ထုတ်ပြောင်း စံပြကွက်ကို မျိုးစေ့လူးနယ်ဆေးဖြင့် စိုက်ပျိုးထားကြောင်း၊ (၁၅)ရက်သားတွင် ကင်းထောက်စစ်ဆေးနိုင်ရန် Pheromone Trap ဟော်မုန်းထောင်ချောက်များ စိုက်ထူပေးပြီး (၁၀)ရက်တစ်ကြိမ် ဒေတာမှတ်တမ်း ကောက်ယူကြောင်း၊ သဘာဝပိုးသတ်ဆေးများ ပက်ဖျန်းထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုလက်ထောက်ဦးစီးမှူး ဒေါ်ခိုင်သင်းကြည်က ပြောသည်။
ကျွန်းလှမြို့နယ်တွင် ယာမြေဧက ၄၈၀၀၀ ကျော်ရှိပြီး မိုးအစေ့ထုတ်ပြောင်းကို အဓိကထား စိုက်ပျိုးကြကြောင်း၊ နည်းပညာပေးစင်တာများ ဖွင့်လှစ်၍ တောင်သူများ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေး၊ သဘဝမြေဩဇာ ပြုလုပ်သုံးစွဲရေး၊ ဓာတုပိုးသတ်ဆေး စနစ်တကျ သုံးစွဲရေးတို့ကို ပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


