ကျောက်တံခါး ၉ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၄)ကျောင်းကို ယနေ့မှစတင်ကာ ခေတ္တယာယီ ပိတ်ထားခဲ့ရပြီး တံတားသုံးစင်းလည်း ပျက်စီးခဲ့သည်။
ကျောက်တံခါးမြို့နယ် အတွင်းရှိ တောကျွဲအင်း၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ဖဒိုမြို့ချောင်းဒေသများရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ ဇူလိုင် ၇ ရက်နေ့မှစတင်ကာအဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေများဝင်ရောက်ခဲ့၍ ကုန်းနိမ့်ပိုင်းလယ်မြေများ ရေနစ်မြုပ်နေပြီး လမ်းမများပေါ်သို့ ရေများဖြတ်ကျော် ဝင်ရောက်နေကြောင်း၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦနှင့် စာသင်ကျောင်းများ၌လည်း ရေများဝင်ရောက်နေခြင်းကြောင့် အခြေခံပညာကျောင်းပေါင်း (၁၄) ကျောင်းကိုလည်း ခေတ္တပိတ်ထားရကြောင်း သိရသည်။
တောင်ကျရေကြောင့် ဖဒိုဒေသ ဝိုင်းကြီးကျေးရွာအုပ်စုရှိ ရဲနွယ်ချောင်းကူးအုတ်ဖို သစ်သားတစ်စင်းမှာ ရေထဲမျောပါခဲ့ပြီး ဆီဆုံကုန်းကျေးရွာအုပ်စု အောက်ဘုန်းမဲဇာ ရွာလယ်တံတားတစ်စင်းနှင့် ပဲနွယ်ကုန်းမြို့နှင့် ဇရပ်ခင်ရွာသို့ ဆက်သွယ်ထားသော ကျေးလက်တံတားတစ်စင်း ရေတိုက်စား၍ ပျက်စီးခဲ့သည်။
ရေကြီးမှုကြောင့် ရပ်ကွက်ကျေးရွာများ၌ စေတနာရှင်ပြည်သူများ၊ ပရဟိတအဖွဲ့များမှ စုပေါင်းကာ၊ ထမင်းထုတ်များဝေငှလှူဒါန်းခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးစာရင်းများ ကောက်ယူလျှက်ရှိကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


