ဖယ်ခုံ ၁၃ သြဂုတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စုတွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကြေညာကပ်ထား ဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီမှစတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့၀င်များ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မိုးဗြဲကျေးရွာအုပ်စုမှ မိုးဗြဲ၊ ကွက်သစ်၊ သာယာကုန်း၊ ပင်သာ၊ ရေကာတာ(အောက်)၊ ကန်ဦး၊ ဆီးမီလော့၊ ကဖု၊ လယ်ထွန်နှင့် ဆောင်ကန်းကျေးရွာများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မဲစာရင်းပါအချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင်အားလုံး မဲစာရင်းတွင် အမည်စာရင်းပါရှိရေးနှင့် မပါ၀င်သင့်သူများ ပါ၀င်မှု မရှိစေရေးတို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့၀င်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
ကိုထွေး(ဖယ်ခုံ)