နေပြည်တော် မတ် ၂

 

(၆၃) နှစ်မြောက်တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်း၌ ကျင်းပလျက်သည့် “မျိုးစေ့ပြပွဲ ၂၀၂၅” (Seed Fair 2025) ဒုတိယနေ့ကို ယနေ့တွင် ဆက်လက်ကျင်းပရာပြပွဲတွင် စိုက်ပျိုးရေး ပညာရှင်များက ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာရပ်များ ရှင်းလင်းဆွေးနွေးပြီး မျိုးဝါစေ့မှအမွေးများကို အက်စစ်ဖြင့်ချွတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်ကို လက်တွေ့ ပြသသည်။

 

အဆိုပါ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆွေးနွေးပွဲသို့ လာရောက်လေ့လာကြသည့်တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ဝါသီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေး နည်းပညာများ၊ သီးနှံများ ရေရရှိရေးဆောင်ရွက်ရန် နည်းလမ်းများ နှင့် မြေဆီလွှာအာဟာရပြည့်မီရေး ဆောင်ရွက်သင့်သည့် အချက်များ၊ အရည်အသွေးကောင်း ဝါဂွမ်းထွက်ရှိရေးအတွက် ဝါကောက်ချိန်တွင် ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ တာဝန်ရှိသူများက ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန် နည်းလမ်းများ၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေးနှင့် ဝါမျိုးစေ့ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ၊ အပင်အာဟာရဓါတ်ရရှိရေး ဆောင်ရွက်ရန် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးပြီး အပင်ပေါက်နှုန်း ပိုမိုကောင်းမွန်စေရေးအတွက် မျိုးဝါစေ့မှ အမွေးများကို အက်စစ်ဖြင့်ချွတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်အား လက်တွေ့ ပြသသည်။

 

 

ထို့နောက် နေပြည်တော်၊ မကွေး၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးများ နှင့် ရှမ်းပြည်နယ်တို့မှ တောင်သူ (၃၁၀) နှင့် လေ့လာရေးအဖွဲ့များသည် “မျိုးစေ့ပြပွဲ ၂၀၂၅” (Seed Fair 2025) တွင် စိုက်ပျိုးပြသထားသည့် သီးနှံစိုက်ကွက်များနှင့် ဝါသီးနှံစိုက်ခင်းများ၊ ဌာနနှင့် ပုဂ္ဂလိကပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြရာ ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေး ပညာရှင်များက လိုက်ပါရှင်းလင်း ပြသခဲ့ကြကြောင်းသိရသည်။

 

သတင်းစဉ်