ရန်ကုန် ၂၆ သြဂုတ်

                            
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို  ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)တွင် ယနေ့နံနက် (၁၀)နာရီမှ နေ့လယ် (၁၂)နာရီအထိ  ဟောပြောခဲ့သည်။  


ဟောပြောပွဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ်  ပါမောက္ခချုပ်ဒေါက်တာကြည်စိုးက အမှာစကားပြောကြားသည်။ 


ထို့နောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က အသင်းဖြစ်ပေါ်လာရသောအကြောင်းရင်း၊ ဖြစ်ပေါ်လာပုံများကို ရှင်းလင်းတင်ပြရာတွင် မိမိတို့အသင်းသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအရေး ဆောင်ရွက်ပေးနေသော အမျိုးသမီးအဖွဲ့ ၇ ဖွဲ့ အနက်တစ်ခုဖြစ်ပါကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေး လုပ်ငန်းသည် မိမိတို့အသင်း၏ အဓိကအကျဆုံး မဟာဗျူဟာတစ်ရပ် ဖြစ်ကြောင်း၊ အဆင်မပြေသေးသောအချိန်တွင် ကိုယ်ဝန်မရစေရန် နေထိုင်တတ်စေပြီး၊ စီမံချက်ချပြီး မိသားစုဘဝ ထူထောင်တတ်စေခြင်းဖြင့် တစ်ကိုယ်ရေမိခင်ဖြစ်ခြင်း၊ ရင်ခွင်မဲ့ကလေးငယ်များဖြစ်ခြင်းကို ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 


ယင်းနောက် အထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာက အခြေခံမျိုးဆက်ပွား ကျန်းမာရေးအကြောင်းနှင့် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာမြမြသိန်းက သားဆက်ခြားနည်းလမ်း အမျိုးမျိုး၏ အကျိုးအကြောင်း  အဆိုးအကောင်းများကို  ရှင်းပြပြီး  အဆင်မပြေသေးသောအချိန်တွင် မလိုချင်သော သား သမီးများ မရအောင် သားဆက်ခြားနည်းလမ်းကို မိမိတို့ စိတ်တိုင်းကျ   ရွေးချယ်သုံးစွဲခြင်းဖြင့်  သာယာလှပတဲ့ မိသားစုဘဝ၊ လူမှုဘဝများ ထူထောင်နိုင်ပြီး တစ်ကိုယ်ရည် မိခင်ဘဝ၊ ရင်ခွင်မဲ့ကလေးဘဝများ မရောက်ရအောင် ရှင်းလင်းဟောပြောခဲ့သည်။ 


ထို့နောက် တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါက်တာပြုံးမိုအိက အရေးပေါ် သားဆက်ခြား ဆေးအကြောင်း ဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မေးမြန်းသည်များကို  ပြန်လည် ရှင်းလင်ဖြေကြားခဲ့သည်။


ယင်းနောက် ရန်ကုန်နည်းပညာတက္ကသိုလ်  ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးက နိဂုံးချုပ်စကာ ပြောကြားပြီး  ဟောပြောပွဲကို  ရုပ်သိမ်းခဲ့သည်။


အဆိုပါ ဟောပြောပွဲသို့  ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊  ဝန်ထမ်းနှင့် မိသားစုများ  စုစုပေါင်း (၂၁၁) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 


MDN

 

ews ph