ဟိုပန် ၁၃ ဇူလိုင်
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော မိုးစပါးကောက်စိုက်ပွဲတော်ကို ဇူလိုင် ၁၃ ရက် နံနက် ၈နာရီအချိန်က ဟိုပန်မြို့၊ နောင်မိုကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈)၊ ဦးပိုင်အမှတ် (၇)၊ တောင်သူ ဦးအိုက်စိုင်း၏ လယ်မြေ (၁.၄၂)ဧကတွင် ပြုလုပ်ရာ"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ထွန်းလူနှင့် ဦးစီးအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့၊ အလုပ်အမှုဆောင် ဦးရန်ကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိူးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းမြက ကောက်စိုက်ပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ စပါးအထွက်တိုးစေရန် သိရှိလိုက်နာရမည့်အချက်များ၊ GAP စနစ် လိုက်နာကျင့်သုံးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဦးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကောက်စိုက်လုံမေများအား လက်ဆောင်ပစ္စည်းနှင့် တောင်သူများအား ဆေးဖျန်းပုံးတို့ကို ပေးအပ်ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများက ဆင်းဧကရီ (၃) မျိုးစပါး ကောက်စိုက်သရုပ်ပြမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


