နေပြည်တော်၊ ဒီဇင်ဘာ ၁

 

စပါးအပြီး သီးထပ်စွမ်းရည် တိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာ၌ စွမ်းဆောင်ရည်မြင့်မားစေရန် စက်စွမ်းအားအသုံးပြုရေး သရုပ်ပြခြင်းကို စက်မှုလယ်ယာ ဦးစီးဌာနက ယမန်နေ့က ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန စိုက်ကွင်း၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်အားပေးကြသည်။

 

စက်စွမ်းအားအသုံးပြုရေး သရုပ်ပြခြင်း အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူများက စပါးအပြီး သီးထပ်စိုက်ပျိုးရန် စပါးရိုးပြတ်နှင့် သီးနှံအကြွင်းအကျန် ကောက်ရိုးများကို မီးရှို့ရန်မလိုပဲ အချိန်မီဖယ်ရှားနိုင်ရေးအတွက် ကောက်ရိုးစင်းစက်များ၊ ကောက်ရိုးထုံးစက်များနှင့် ထယ်ရေးမဲ့ အခြေအနေတွင် စိုက်ပျိုးရန်အတွက် မျိုးစေ့ချ ကိရိယာ စမ်းသပ်အသုံးပြုခြင်း လုပ်ငန်းများကို လက်တွေ့သရုပ်ပြကြသည်။

 

 သရုပ်ပြပွဲ၌ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ထယ်ရေးမဲ့ အခြေအနေတွင် မျိုးစေ့ လိုအပ်ချက် နည်းနည်းဖြင့် ထိရောက်စွာ စိုက်ပျိုးနိုင်ရေးအတွက် စက်အားသုံးစွဲရသည့် မျိုးစေ့ချကိရိယာများဖြင့် မြန်မြန်စိုက်ပျိုးရန် လိုအပ်သည့်အပြင် ထွက်လာသည့် ကောက်ရိုး များကို တန်ဖိုးမြှင့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ စမ်းသပ်သရုပ်ပြခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက် တစ်လျောက်လုံး၌ စတင်စိုက်ပျိုးသည်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများတလျောက်လုံးအတွက်  စက်မှုလယ်ယာ ဦးစီးဌာနက သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ကာ စက်ပစ္စည်း တင်သွင်းရောင်းချသည့် ကုမ္ပဏီများ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါ စက်စွမ်းအားမြှင့် သုံးစွဲရေးသရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်