တောင်ကြီး ၅ စက်တင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် မိုင်းသော်ရှေ့ ကျေးရွာအုပ်စုနှင့် သဲတဲကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးစံပြစိုက်ခင်းဧက ၉၀၀ ကျော်မှ လယ်ယာထွက်ကုန်များဈေးကွက် သို့ အချိန်မီ ရောက်ရှိစေရန်ရည်ရွယ်၍ Eastern States Agri Business Project (ESAP)စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် နန်းလတ်ချောင်းကူး ကုန်ထုတ်တံတားတည်ဆောက်လျက် ရှိကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နန်းလတ်ချောင်းကူးကုန်ထုတ်တံတားမှာ အရှည် ၆၀ပေ အကျယ် ၁၄ပေ အမြင့် ၁၁ ပေရှိပြီး တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၉- ၂၀၂၀ ခု ဘဏ္ဍာနှစ် Eastern States Agri Business Project(ESAP) စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၈၇ ဒသမ ၈၄၇ သန်းဖြင့် တင်ဒါအောင်မြင်သော သူရိန်ဇော်ကုမ္ပဏီမှ ယခုနှစ် မေလအတွင်းက စတင်၍တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး ယခုအချိန်တွင် ၂၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး တံတား တည်ဆောက်ပြီးစီးသွားပါက အိမ်ခြေ ၂၅၆၃ အိမ်မှ ဒေသခံပြည်သူ ၁၈၇၅၈ ဦးမှာ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာမည်ဖြစ်ပြီး ဒေသထွက်ကုန်များ လွယ်လင့်တကူ ရောင်းဝယ်ဖောက်ကားနိုင်၍ ၊ ကုန်စည် စီးဆင်းမှုမှာလည်း ယခင်ကထက် ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး မိုးစပါးစံပြ စိုက်ခင်းဧက ၉၆၀ ကျော်မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်းကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း က ပြောပြသည်။
အဆိုပါ နန်းလတ်ချောင်းကူးကုန်ထုတ်တံတား တည်ဆောက်နေမှုအခြေအနေအား ရှမ်းပြည်နယ် တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းဦး နှင့်အင်ဂျင်နီယာများ၊ Eastern States Agri Business Project(ESAP) စီမံကိန်းရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီ ကကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လက်ရှိတံတား တည်ဆောက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းအချိန်မီပြီးစီးရေး သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေး အလေးထား ဆောင်ရွက်သွားကြရန် ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း က မှာကြားခဲ့ကြောင်း သိရသည်။
ငြိမ်းသူ


