ရန်ကုန် ၁ ဒီဇင်ဘာ

ကိုဗစ်-၁၉ ကာလ ယခုမိုးစပါးတွင် တောင်သူတို့ မိုးစပါးစိုက်ပျိုးမှု လျော့ခဲ့သော်လည်း စပါးပေါ်ချိန်၌ ဈေးကောင်းရခဲ့ရာ ပြည်ပမှ ဆန်နှင့်ဆန်ကွဲဝယ်လိုအားရှိသည့်အတွက် တောင်သူတို့နွေးစပါး တိုးမြှင့်စိုက်ပျိုးရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ သိရသည်။

 

ဆန်စပါးထွက်နှုန်းကောင်းခြင်း၊ မျိုးကောင်းခြင်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာ မြင့်မားခြင်းသည် တောင်သူတို့အတွက် အကျိုးရှိစေမည်ဖြစ်ပြီး ယခင်ကြုံတွေ့ခဲ့ရသော ကြိတ်ခွဲရေးအပိုင်း၌ ဆန်စက်များတွင် နည်းပညာမြင့်သော စက်သစ်များဖြင့် လည်ပတ်နေသောကြောင့် ထွက်ရှိလာသော ဆန်အရည်အသွေးကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မျိုးစပါးဖြန့်ချိမှု ပိုမိုအားထည့်ပေးနိုင်ပါက ကုမ္ပဏီမှတင်သွင်းသော မျိုးစပါးများကို ထိန်းချုပ်နိုင်မည်ဖြစ်၍ ထွက်နှုန်းကောင်းသော ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်စပါးများကို တောင်သူများ ရေရှည် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးတောင်သူတို့ ဝင်ငွေတိုးတက်စေမည်ဖြစ်ကြောင်း ဆန်ကုန်သည်များအသင်းက သုံးသပ်သည်။

 

 “မိုးစပါးအထွက်နည်းတယ်လို့ ဈေးကွက်မှာ ပြောနေတယ်။ ဆန်အသစ်ပေါ်ချိန်မှာ တရုတ်ပြည်က အဝယ်လိုက် နေပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၂ သန်းခွဲနီးပါး ပို့ရတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ အဲ့ဒီလောက်မပို့နိုင်ဘူးလို့ မှန်းတယ်။ ဒါပေမယ့် ကိုဗစ်ကာလ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်မှာ ပြည်ပကို မထင်မှတ်ဘဲ ပို့နိုင်ခဲ့တယ်။ တစ်နှစ်ကို ဆန်တန်ချိန် ၁၁ သန်းကျော်ထွက်တဲ့အတွက် ပြည်တွင်း စားသုံးမှုတန်ချိန် ၈ သန်းခွဲရှိတာကြောင့် ပြည်ပကို နှစ်စဉ်ဆန်တန်ချိန် ၂ သန်းခွဲနီးပါး တင်ပို့နိုင်မယ်လို့ ဆိုရမှာပါ။ ပြီးတော့ ဒီနှစ်မိုးစပါးအခြေခံ ဈေးကျော်သွားတာကြောင့် တောင်သူတွေ အဆင်ပြေကြတယ်။ ဒါကြောင့် နွေစပါးပိုအားထည့် စိုက်နိုင်တယ်လို့ မှန်းပါတယ် ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သန်းခွဲ တင်ပို့ခဲ့ရာ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၃၅၀ ကြား၊ ဆန်ကွဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ အောက်ရရှိ၍ နိုင်ငံခြားဝင်ငွေ သန်း ၉၀၀ ခန့်ရရှိခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ဆန်ကွဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ အထက် ရှိနိုင်သောကြောင့် ပြည်ပဝယ်လိုအားနှင့်အညီ နွေစပါးတိုးမြှင့် စိုက်ပျိုးရန် မျှော်မှန်းထားခြင်းဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သန်းတင်ပို့နိုင်ရန် မျှော်မှန်းထားပြီး မိုးစပါးတင်း ၁၀၀ လျှင် ကျပ် ၅၂၀,၀၀၀ ဈေးရခဲ့သော တောင်သူတို့မှာ နွေစပါးကို တိုးမြှင့်စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံစေလျက် နိုင်ငံပေါင်း ၆၀ ကျော်သို့ တင့်ပို့လျက်ရှိသော မြန်မာ့ဆန်ကို ကိုဗစ်-၁၉ ကာလတွင် ပိုမိုမှာယူသော နိုင်ငံအချို့ ရှိသောကြောင့်  နွေးစပါးကို တောင်သူတို့ တိုးမြှင့်စိုက်ပျိုးရန် မျှေိာ်မှန်းထားကြောင်း သိရသည်။

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး