ရန်ကုန်   ၃၀   နိုဝင်ဘာ

ကိုဗစ်-၁၉ ကာလ ယခုမိုးစပါးတွင် တောင်သူတို့ မိုးစပါးစိုက်ပျိုးမှုလျော့ခဲ့၍ အထွက်နှုန်းလျော့ခဲ့ပြီး စပါးပေါ်ချိန်၌ ဈေးကောင်းရခဲ့ရာ ဆန်နှင့် စပါးဝယ်လိုအားရှိသည့်အတွက် တောင်သူတို့ နွေးစပါးတိုးမြှင့် စိုက်ပျိုးရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ  သိရသည်။

 

“မိုးစပါးအထွက်နဲတယ်လို့ ဈေးကွက်မှာပြောနေတယ်။ ဆန်အသစ်ပေါ်ချိန်မှာ တရုတ်ပြည်က အဝယ်လိုက်နေပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၂ သန်းခွဲနီးပါး ပို့ရတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ အဲဒီလောက်မပို့နိုင်ဘူးလို့ မှန်းတယ်။ ဒါပေမယ့် ကိုဗ စ် ကာလ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်မှာ ပြည်ပကို မထင်မှတ်ဘဲ ပို့နိုင်ခဲ့တယ်။ တစ်နှစ်ကို ဆန်တန်ချိန် ၁၁ သန်း ကျော်ထွက်တဲ့အတွက် ပြည်တွင်း စားသုံးမှုတန်ချိန် ၈ သန်းခွဲရှိတာကြောင့် ပြည်ပကို နှစ်စဉ် ဆန်တန်ချိန် ၂ သန်းခွဲနီးပါး တင်ပို့နိုင်မယ်လို့ ဆိုရမှာပါ။ ပြီးတော့ ဒီနှစ် မိုးစပါးအခြေခံဈေး ကျော်သွားတာကြောင့် တောင်သူတွေ အဆင်ပြေကြတယ်။ ဒါ့ကြောင့် နွေစပါး ပိုအားထည့်စိုက်နိုင် တယ်လို့ မှန်းတယ်”ဟု မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

 

ဆန်စပါးထွက်နှုန်းကောင်းခြင်း၊ မျိုးကောင်းခြင်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာ မြင့်မားခြင်းသည် တောင်သူ တို့အတွက် အကျိုးရှိစေမည်ဖြစ်ပြီး  ယခင်က ကြုံတွေ့ခဲ့ရသော ကြိတ်ခွဲရေးအပိုင်း၌ ဆန်စက်များတွင် နည်းပညာမြင့်သော စက်သစ်များဖြင့် လည်ပတ်နေသောကြောင့် ထွက်ရှိသော ဆန်အရည်အသွေးကို ထိန်းနိုင်ပြီဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မျိုးစပါးဖြန့်ချိမှု ပိုမိုအားထည့်ပေးနိုင်ပါက ကုမ္ပဏီမှ တင်သွင်းသော စပါးမျိုးများကို ထိန်းချုပ်နိုင်မည်ဖြစ်၍ ပြည်ပဈေးကွက်ဝင်ထွက်နှုန်းကောင်းသော မျိုးကောင်း၊ မျိုးသန့်စပါးများကို တောင်သူများ ရေရှည်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးတောင်သူတို့ ဝင်ငွေတိုးတက်စေမည်ဖြစ်ကြောင်း ဆန်ကုန်သည်များ အသင်းက သုံးသပ်ထားသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာဆန်နှင့် ဆန်ကွဲတန်ချိန ၂ သန်းခွဲတင်ပို့ခဲ့ရာ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၃၅၀ ကြား၊ ဆန်ကွဲ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ အောက်ရရှိ ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ဆန်ကွဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ အထက်ရှိကြောင်း၊ မိုးစပါးထွက်နှုန်းလျော့ခဲ့သော်လည်း နွေစပါးတိုးမြှင့်စိုက်ပျိုးရန် မျှော်မှန်းထား၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်၌ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သန်းတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း၊ မိုးစပါးစိုက်ပျိုးမှု လျော့ခဲ့သော်လည်း စပါးတင်း ၁၀၀ လျှင် ကျပ် ၅၂၀,၀၀၀ ဈေးရခဲ့သော တောင်သူတို့အနေဖြင့် နွေစပါးကို တိုးမြှင့်စိုက်ပျိုးရန် မျှော်မှန်းထားရာ ပြည်တွင်းစားသုံးမှုနှင့်  ပြည်ပပို့ကုန်ကို ဆက်လက် တင်ပို့သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက်၊ ဓာတ်ပုံ-သန်းစိုး