မိုးကောင်း ၂၆ ဇူလိုင်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မိုးညှင်းခရိုင်တာဝန်ခံ ဦးကိုကိုလေးက အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင် ပြည်နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သန်းနွှဲ့က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မိုးကောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်ခင်ဌေးက မြို့နယ်အတွင်း ရွေးကောက်ပွဲ လုပ်ငန်းများကိုလည်းကောင်း၊ အတွင်းရေးမှူး ဒေါ်ဧပရယ်စိုးက ရွေးကောက်ပွဲလုပ်ငန်းစဉ် တစ်လျှောက် တာဝန်ယူကြီးကြပ်ရမည့် သက်ဆိုင်ရာ ရပ်/ကျေးကြီးကြပ်မှုများ ဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
မိုးကောင်းမြို့နယ်တွင် လတ်တလော မဲရုံ(၇၀) လျာထားဆောင်ရွက်လျက်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ရဝမ်လူမျိုး ၄၉ ဦး၊ ရှမ်းလူမျိုး ၂၅၀၃၃ ဦး၊ လီဆူလူမျိုး ၁၀၆ ဦး၊ ဗမာလူမျိုး ၄၉၇၇၄ စုစုပေါင်း ၁၀၂၈၄၂ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)


