မိုးကောင်း       ဩဂုတ်            ၂၇

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်ရှိ ဆိုင်ကယ်အပိုပစ္စည်း အရောင်းဆိုင် ဩဂုတ် ၂၆ ရက် ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကျွန်းတောရပ်ကွက်နေအိမ်ရှင် ဒေါ်လှိုင်(၅၃)နှစ် နေအိမ်အောက်ရှိ ငွေချမ်းမြေ့ ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင် အောက်ထပ်မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုအား မိုးကောင်း မြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် ၂၄ ပေ× ၄၀ပေ သွပ်မိုး၊ အုပ်ညှပ်(၂)ထပ်အဆောက်အဦးနှင့် မော်တော် ဆိုင်ကယ်အစီး(၃၀) မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်အား မိုးကောင်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)