မိုးကောင်း ၃၀ စက်တင်ဘာ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ ချောင်းရေဆက်လက် မြင့်တက်မှုကြောင့် နေအိမ်နစ်မြုပ်၍ သွားလာရ ခက်ခဲသော နောက်ထပ်အိမ်ထောင်စုဝင်များ ရွှေ့ဆိုင်းပေးရကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် နန့်ရင်းရပ်ကွက်မှ အိမ်ထောင်စု(၆)စုရှိ လူဦးရေ(၁၇)ဦးကို လည်းကောင်း၊ အလယ် ရပ်ကွက်မှ အိမ်ထောင်စု(၁၁)စုရှိ လူဦးရေ(၆၂)ဦးကို လည်းကောင်း၊ အရှေ့ရပ်ကွက်မှ အိမ်ထောင်စု(၁၄)စုရှိ လူဦးရေ(၇၁)ဦးကိုလည်းကောင်း သက်ဆိုင်ရာရပ်ကွက် အသီးသီးရှိ ရေဘေးကယ်ဆယ်ရေးစခန်းထားရှိရာ သို့ ထပ်မံ၍ပြောင်းရွှေ့ထားရှိပြီး စက်တင်ဘာ ၂၉ ရက်က ပြောင်းရွှေ့ထားသည့် အိမ်ထောင်စုများ အပါအဝင် စုစုပေါင်း(၄၁)စုရှိ လူဦးရေ(၁၉၅)ဦး ရှိကြောင်း မီးသတ်ဦးစီးဌာနမှ ကောက်ယူသည့် စာရင်းအရ သိရသည်။
အဆိုပါကယ်ဆယ်ရေးလုပ်ငန်းများတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အသီးသီးမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မိုးကောင်းချောင်းရေသည် စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီ တိုင်းထွာချက်တွင် နန့်ရင်းချောင်း ရေအမှတ် (၆၅၁) စင်တီမီတာတွင် ရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် စိုးရိမ်ရေအမှတ် (၆၀၀)စင်တီမီတာ အထက် (၆၉) စင်တီမီတာထိတိုးကာ (၆၆၉) စင်တီမီတာတွင် ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့နံနက် ၈ နာရီ တိုင်းထွာချက်အရ သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)