မိုးကောင်း ၂၃ စက်တင်ဘာ

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထိုပူးကျေးရွာ၌ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာမှ တာဝန်ရှိသူများအား နှောင့်ယှက် ဟန့်တားသူကို မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၂ ရက်၊ နံနက် ၆ နာရီခွဲက မိုးကောင်းမြို့နယ်၊ ထိုပူးကျေးရွာနေ ဦးကျော်ဦးသည် ကျေးရွာအလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကျေးရွာအခြေပြု အသွားအလာ ကန့်သတ်စောင့်ကြည့်စင်တာသို့ လာရောက်ကာ စောင့်ကြည့်ခံဝင်ရောက်နေသူ သားဖြစ်သူနှင့် တူတော်စပ်သူ နှစ်ဦးကို ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုရာ တာဝန်ရှိသူများက စတေးဟုမ်းမြို့နယ်အဖြစ်သတ်မှတ်ထားသည့် ဖားကန့်မြို့နယ်မှ ပြန်လာခြင်းဖြစ်သည့်အတွက် ကွာရန်တင်းဝင်ရောက်ရမည်ဖြစ်ကြောင်း ရှင်းပြသော်လည်း တာဝန်ရှိသူများအား မချေမငံပြောဆိုဆက်ဆံကာ သားနှင့်တူဖြစ်သူကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများမှ သွားရောက်ညှိနှိုင်း ဆွေးနွေးသော်လည်း မချေမငံ ပြောဆိုဆက်ဆံခြင်းများ ပြုလုပ်ခဲ့သဖြင့် ဦးကျော်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)