မိုးကောင်း ၁၉ ဩဂုတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက ကားလမ်းရေကျော်ပြီး ရထားလမ်းတံတားတစ်စင်း ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျရေများ တိုက်စားမှုကြောင့် ယနေ့နံနက် ၇ နာရီခွဲက ဆားမှော်ဘူတာနှင့် တောင်နီဘူတာကြား မီးရထားသံလမ်း မိုင်တိုင်အမှတ် (၆၇၀/၁၄ နှင့် ၁၅)ကြားရှိ တံတားအမှတ် DR 650-B ၏ ကမ်းကပ်ခုံ အလျား ၁၀ ပေ၊ အနက် ၂ ပေခွဲခန့် ရေတိုက်စားပျက်စီးခဲ့ပြီး ရထားသွားလာမှု ယာယီရပ်ဆိုင်းခဲ့ရသည်။
အဆိုပါတံတားပျက်စီးရာနေရာသို့ မိုးကောင်းမြို့နယ် သံလမ်းအုပ်ရုံးမှ တာဝန်ရှိသူများက သွားရောက်ပြုပြင်ခဲ့ရာ နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် ပြုပြင်ပြီးစီး၍ ရထားများ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့အတူ မိုးကောင်း-ဖားကန့်လမ်းရှိ ရှစ်မိုင်လမ်းဆုံနှင့် ပါဟုတ်တောင်ကြား ကိုးမိုင်နေရာတွင် ကားလမ်းမပေါ်သို့ ရေအနက် ၃ ပေခန့်နှင့် အရှည်ပေ ၄၀၀ ခန့် ရေကျော်နေခြင်းကြောင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများမှ ခရီးသည်များ သွားလာမှုအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မိုးကောင်းမြို့နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့ညနေ ၅ နာရီအချိန် တိုင်းထွာချက်များအရ နန့်ရင်းချောင်းရေမှာ ၆၅၇ စင်တီမီတာသို့ ရောက်ရှိနေပြီး နန့်ကောင်းချောင်းရေမှာ ၆၂၈ စင်တီမီတာသို့ ရောက်ရှိကာ ချောင်းနှစ်ခုစလုံး၏ စိုးရိမ်ရေအမှတ်မှာ ၆၀၀ စင်တီမီတာဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)