မိုးကောင်း ၇   ဇူလိုင် 

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်ဆေးရုံဆောက်လုပ်စဉ် လယ်ယာမြေ သိမ်းဆည်းခံရမှုအတွက် မူလပိုင်ရှင်ထံသို့ နစ်နာကြေးပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုးကောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်မှ အဖွင့်အမှာစကားပြောကြားကာ ကချင်ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းမှ နစ်နာကြေးပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆားမှော်တိုက်နယ်ဆေးရုံဆောက်လုပ်စဉ် လယ်ယာမြေသိမ်းဆည်းခံရသူ မူလပိုင်ရှင်ဖြစ်သည့် ဆားမှော်ကျေးရွာနေ ဦးဂွမ်ဂျတ်အား နစ်နာကြေးငွေအဖြစ် ကျပ်သိန်း ၁၅၀ ကို ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းမှ ပေးအပ်ရာ မူလပိုင်ရှင် ဦးဂွမ်ဂျတ်မှ လက်ခံရယူခဲ့သည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ဝင်းနိုင်(ကချင်မြေ)