မိုးကောင်း ၉  မေ 

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို မေ ၉ ရက် နံနက် ၁၁ နာရီက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

၂၀၁၈ ခုနှစ် မိုးရာသီကာလက သဘာဝဘေးအန္တရာယ်ကြောင့် မိုးကောင်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် တောင်နီကျေးရွာနှင့် ထိုပူးကျေးရွာများမှ တောင်သူ ၇၇ ဦး၏ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် လယ်မြေ ၂၅၈ ဧကအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ အရေးပေါ်ရံပုံငွေမှ တစ်ဧကလျှင်ငွေတစ်သောင်းကျပ်နှုံးဖြင့် ၂၅ ဒသမ ၈ သိန်းကို တာဝန်ရှိသူများက ပေးအပ်ရာ တက်ရောက်လာသည့်တောင်သူများကိုယ်စား တောင်နီကျေးရွာမှ ဒေါ်စိန်ခင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်လွင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမြင့်၊ တောင်နီကျေးရွာနှင့် ထိုပူးကျေးရွာမှ သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)