ရေတာရှည် ၂၅ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ယခုရက်ပိုင်း မိုးရွာသွန်းမှုနည်းပါးပြီး အပူချိန်မြင့် တက်ခြင်းကြောင့် မိုးစပါးစိုက်ခင်းများတွင် ရေလိုအပ်ချက်များရှိနေရာ မိုးဆက်လက် ရွာသွန်းခြင်းမရှိပါက အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း ဒေသခံတောင်သူများအကြားတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
“မိုးက ရွာတော့ရွာတယ် ရေမပါဘူးလေ။ မိုးမရွာတဲ့အချိန် အပူချိန်က အရမ်းပြင်းတော့ စပါးခင်းတွေ ပတ်ကြားကွဲကုန်ပြီ ရေတင်ရမယ်ဆိုပြန်တော့လည်း စက်ကဘယ်လိုမှသယ်လိုမရနိုင်တော့ ဒီအတိုင်းပဲ ထိုင်စောင့်ရနေရတော့တယ်” ဟု ဆွာမင်းလမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာနေ ကိုဇော်မင်းခိုင် က ပြောသည်။
မိုစပါးကို အစောပိုင်း အခြောက်ထယ်ရေးဖြင့် ကြဲပက်သူများအနေဖြင့် တစ်လကျော်သက်တမ်းရှိပြီဖြစ် သော်လည်း ပထမအရစ်အနေဖြင့် ဓာတ်မြေဩဇာများ ကြဲပက်ရန်ဖြစ်သော်လည်း လယ်ကွက်များ အတွင်း ရေမရှိသဖြင့် ယခုတိုင်ကြဲပက်နိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆက်ပြောသည်။ မိုးစပါးကို သက်ကြီးစပါးမျိုးများဖြစ်သည့် ဗျော့ထွန်း၊ ရေဆင်းသုခ-၂၊ သက်လတ်စပါးမျိုးများဖြစ်သော နှံကောက်၊ ထိုင်းကောက်စပါးမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ရာသီဥတုအပေါ်တည်မှီကာ စပါးများအောင်မြင် ဖြစ်ထွန်းမှု မူတည်လျက်ရှိနေခြင်းဖြစ်သည်။
“စပါးဈေးကွက်က မဆိုးဘူးလို့ပြောရင်ရပါတယ်။ အစိုးရကလည်း တင်းတစ်ရာကို ၅ သိန်း ၂ သောင်း နှုန်းသတ်မှတ်ပြီဆိုတော့လေ ဒါကလည်း စပါးအထွက်နှုန်းကောင်းမှ အဆင်ပြေမှာ။ ရာသီဥတုဖျက်လို့ စပါးအထွက်တ ွေလျော့ရင်တော့ ရှုံးအုန်းမှာပဲ။ ဘာလိုလဲဆိုတော့ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အလုပ်သမားခ၊ ထွန်ယက်စရိတ်၊ မျိုးဖိုး စတဲ့သွင်းအားစုကုန်ကျစရိတ်တွေက အများကြီး ကုန်ထားတယ်” ဟု ကုန်းကြီးအုပ်စု၊ အင်းကျင်းကုန်းရွာနေ တောင်သူ ဦးသိန်းဇော်က ပြောသည်။
ကိုလွင်(ဆွာ)


