မိုးညှင်း ၂၅ မေ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေရွာအုပ်စုအတွင်းရှိ မရင်းကုန်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ကျေးရွာနေပြည်သူများ အသိပညာ တိုးပွားစေရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်နှောင်းက ယခုအချိန်သည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အပူရှိန်မြင့်မားနေချိန်ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများအဖြစ် မီးဘေး၊ ရေရှားပါးမှု၊ လေပြင်းဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူလူထုမှကြိုတင်သတိပြုရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အကြံပြုထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးနှင့်ပတ်သက်သည့် ပညာပေးဗီဒီယိုနှင့် နံရံကပ်စာစောင်များ ပြသပေးခဲ့သည်။
ဆက်လက်၍ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းသိန်းဦးက စားသုံးသူ အကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် နောက်ဆုံးထုတ် ဥပဒေပါအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာထွန်းသန်းက ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆိုင်းအောင်က ဌာနက ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စခန်းမှူး လေးမြင့်က မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပတ်သက်သည့် မှုခင်းဖြစ်စဉ်များနှင့် သတိပြုလိုက်နာရမည့် အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)