မိုးညှင်း ၁၀ မေ
မိုးကြိုကာလတွင် ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်ဆိုင်ရာများနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများကို မိုးညှင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက်(၉)နာရီတွင် ရွာသစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ဟောပြောပွဲတွင် မိုးညှင်းခရိုင် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နှောင်းက ယခုအချိန်သည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အပူရှိန်များ မြင့်မားနေချိန်ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများအဖြစ် မီးဘေး၊ ရေရှားပါးမှု၊လေပြင်းဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပွားနိုင်သဖြင့် ပြည်သူလူထုမှကြိုတင်သတိပြုရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ဘေးအန္တရာယ်များ မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အကြံပြုထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းရှင်းလင်းဟောပြောသည်။
ဆက်လက်၍ မိုးညှင်းခရိုင် ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များဖြစ်သည့် ဘေးအန္တရာယ် (၈)မျိုးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ပြည်သူလူထုလိုက်နာ ဆောင်ရွက်ရန်အကြံပြုထုတ်ပြန်ချက်များကို တက်ရောက်လာသူများအား လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)