မိုးမိတ် မေ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၂၀၀၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းက ပြောသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များ ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များကို မိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါ စီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
" ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းက ကျေးရွာသူ ကျေးရွာသားတွေ အားလုံးပါဝင်ပြီး ကျေးရွာရဲ့ အဓိက ပကတိလိုအပ်ချက်တွေ ပါဝင်တဲ့ ဦးစားပေးအလိုက် စီမံချက် လုပ်ငန်းတွေဖော်ထုတ်ပါတယ်၊ အဲဒီစီမံချက်လုပ်ငန်းတွေထဲက ပထမဦးစားပေးလုပ်ငန်းကို ကျွန်တော် တို့ ဦးစီးဌာနက ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးရွာရဲ့ ငွေထည့်ဝင်မှု လုပ်အားထည့်ဝင်မှုတွေနဲ့ စတင်ဆောင်ရွက်ပေးပါတယ်၊ ကျန်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာ မြို့နယ်အဆင့် ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရေးဆွဲပေးတဲ့စီမံကိန်း တစ်ခု ဖြစ်ပါတယ် " ဟု မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းက ပြောပြချက်အရ သိရသည်။
မိုးမိတ်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ်တွင် ပုန်းထွန်၊ မန်ကောင်၊ တုန်ခေး၊ ပန်ဟိုင်း၊ မန်ပေါင်၊ ပြိန်းဆန်း၊ ဘော်ဒေ(ဈေး)၊ ကင်းချောင်း(ဈေး)၊ နဘူး(လီဆူ)၊ တဲကြီးကုန်း၊ ကင့်နွယ်၊ မိုးလို စသည့် ကျေးရွာ ၁၂ ရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၁၄၀၀ ၊ ကျေးရွာပြည်သူတွေရဲ့ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်မှာတော့ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျော်ဦး