မိုးနဲ ၉ စက်တင်ဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းမှ အော်တိုတယ်လီဖုန်း ကြိုးဖုန်းများကို (Fixed Wireless Access) ကြိုးမဲ့တယ်လီဖုန်းစနစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲတပ်ဆင်ပေးခြင်းကို စက်တင်ဘာ ၈ ရက်က စတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းတာဝန်ခံ ဒေါ်သီတာလှိုင် နှင့်ဝန်ထမ်းများက မြို့နယ်အတွင်း အော်တိုတယ်လီဖုန်း တပ်ဆင် အသုံးပြုလျက်ရှိသော ဌာနဆိုင်ရာရုံးများနှင့် ပြည်သူများ၏ အိမ်အရောက် ကြိုးမဲ့စနစ် (Fixed Wireless Access) စက်များကို ပြောင်းလဲတပ်ဆင်ပေး ခဲ့ကြသည်။
မိုးနဲမြို့နယ်အတွင်း အော်တိုတယ်လီဖုန်းသုံးစွဲသူ ၇၆ ဦးရှိပြီး ဖုန်းအသုံးပြုရာတွင် ယခင် (၀၈၁-၂၈၂၀××××) အစားယခု (၀၈၁-၄၇၂၀××××)ကို ပြောင်းလဲထားခြင်းဖြစ်ကာ ပြောင်းလဲ တပ်ဆင်ပေးနေစဉ် သုံးလတာကာလအတွင်း ဖုန်းနံပါတ်နှစ်မျိုးလုံးဖြင့် ခေါ်ဆိုနိုင်ကြောင်းနှင့် ကြိုးမဲ့စနစ် (Fixed Wireless Access) စနစ်တွင် အင်တာနက်ကို ကွန်ပျူတာနှင့် တိုက်ရိုက် ဆက်သွယ် အသုံးပြုနိုင်သလို Wi-fi ဖြင့်လည်း ချိတ်ဆက်အအသုံးပြုနိုင်ကြောင်း၊ အင်တာနက်ဝန်ဆောင်မှု အမြန်ဆုံးချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် မိုးနဲမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းရုံး အနေဖြင့် စီစဉ်တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


