မိုးနဲ ၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေက ပြိုင်ပွဲကျင်းပရခြင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ သည်။ယင်းနောက် အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၁၀)ဦးတို့က “လွတ်လပ်ရေးနေ့တို့မမေ့”၊ “အထွတ်အမြတ်ပေး လွတ်လပ်ရေး”၊ “လွတ်လပ်ရေးနေ့မှသည်”၊ “လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ” စသည့် ခေါင်းစဉ်များနှင့် ကဗျာများ ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် အကဲဖြတ်ကြီးကြပ်သူများအဖြစ် ဆရာကြီးဦးတိုးလှ (မြို့နယ်ပညာရေးမှူး-ငြိမ်း)နှင့် အခြေခံပညာမူလတန်းမှ ကျောင်းအုပ်ဆရာမကြီးများက ဆောင်ရွက်ပေးခဲ့ကြပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)