မိုးနဲ ၂ ဇန်နဝါရီ   

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

 

8

 

ရှေးဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေက ပြိုင်ပွဲကျင်းပရခြင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ သည်။ယင်းနောက် အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၁၀)ဦးတို့က “လွတ်လပ်ရေးနေ့တို့မမေ့၊ “အထွတ်အမြတ်ပေး လွတ်လပ်ရေး၊ “လွတ်လပ်ရေးနေ့မှသည်၊ “လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ စသည့် ခေါင်းစဉ်များနှင့် ကဗျာများ ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြသည်။

 

အဆိုပါ ပြိုင်ပွဲတွင် အကဲဖြတ်ကြီးကြပ်သူများအဖြစ် ဆရာကြီးဦးတိုးလှ (မြို့နယ်ပညာရေးမှူး-ငြိမ်း)နှင့် အခြေခံပညာမူလတန်းမှ ကျောင်းအုပ်ဆရာမကြီးများက ဆောင်ရွက်ပေးခဲ့ကြပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)