မိုးနဲ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် အများပြည်သူ နေ့စဉ်စားသုံးလျက်ရှိသည့် အသီးအနှံများအနက် ဆောင်းရာသီ သီးနှံပင်များဖြစ်သည့် အိမ်ရှင်မများ အကြိုက် မုန်ညှင်းပင်၊ ငရုတ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာပင်များကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ ခြံစိုက်တောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းမွန်ပြီး စျေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေ ရရှိသည်။

မိုးနဲမြို့နဲအတွင်း အဆိုပါ ဟင်းစားပင်များကို  အများအပြားစိုက်ပျိုးကြကြောင်း၊ ဟင်းစားပင်များမှာ ဒေသတွင်စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ မြေဆီမြေသြဇာ ကြွယ်ဝရန်  နွားချေးနှင့်မြေဆွေး ထည့်ပေးရ ကြောင်းနှင့် အအေးကြိုက်သော သီးနှံအမျိုးအစားဖြစ်၍ ဆောင်းရာသီတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်း ကြောင်း စိုက်ပျိုးသူ တောင်သူ နန်းအေးအောင်၏ ပြောပြချက်အရ သိရသည်။

သီးနှံပင်များကို စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခြား၍ စိုက်ပျိုးရကြောင်း၊ ဆောင်းရာသီ အစ နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါ ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ဟင်းစားပင်များကို အပင်လိုက်နုတ်၍ ရောင်းချကြကြောင်း၊ တစ်ပင်လျှင်  ကျပ် ၂၀၀ မှ ၃၀၀ အထိ စျေးရရှိကြောင်း၊ ငရုတ်ပွသီး တစ်လုံး ကျပ် ၁၀၀ ၊ ဂေါ်ဖီ တစ်ထုပ် ကျပ် ၅၀၀ ၊ ပန်းမုန်လာ တစ်ပွင့် ကျပ် ၈၀၀ ရောင်းချရပြီး စီးပွားဖြစ် စိုက်ပျိုးသူများ အပိုဝင်ငွေရရှိကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)