မိုးနဲ ၇ စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ဟွေဟေးကျေးရွာတွင် တောင်သူများ စိုက်ပျိုးထားသော ရေဆင်း(၁) စပ်မျိုးနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

 

ယခု စိုက်ပျိုးထားသော ရေဆင်း(၁)စပ်မျိုး နေကြာစိုက်ခင်းကို ဟွေဟေးကျေးရွာနေ တောင်သူ ဦးမြစောက တစ်ဆက်တစပ်တည်း (၅) ဧကစိုက်ပျိုးထားခြင်းဖြစ်ပြီး မိုးနဲမြို့နယ်အတွင်း နေကြာစိုက် ဧကပေါင်း ၇၃ ဧက ကျော်စိုက်ပျိုးထားရှိကြောင်းလည်း သိရသည်။ နေကြာစိုက်ပျိုးခြင်းက အခြားသီးနှံစိုက်ပျိုးခြင်းထက် ဂရုတစိုက်ဆောင်ရွက်ရခြင်းမျိုးမရှိဘဲ ထွန်ယက်ပြီး နေကြာမျိုးကြဲပက်ထားရခြင်းကြောင့် လူနှင့်လုပ်အားခ၊ အရင်းအနှီးများစွာမကုန်ကျဘဲ ဈေးကောင်းရလျှင် တောင်သူများ ဝင်ငွေကောင်းမွန်သောကြောင့် ဆီထွက်သီးနှံ နေကြာကို စိုက်ပျိုးရခြင်းဖြစ်ကြောင်း တောင်သူ ဦးစောမြက ပြောသည်။

 

မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် အစားထိုးသီးနှံအဖြစ် ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့နှင့် တောင်သူနည်းပညာပေးခြင်း လုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံ တောင်သူများကိုလည်း ထွက်နှုန်းကောင်း ရေဆင်း(၁) စပ်မျိုးနေကြာကို တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ ယခင်နှစ် စံကွက်ထွက်နှုန်းအရ နေကြာတစ်ဧကမှာ ၂၉ ဒသမ ၃၇ တင်းထွက်ရှိကြောင်း၊ တစ်တင်းပေါက်ဈေး အနေဖြင့် ကျပ် ၁၃၀၀၀ ဝန်းကျင်ရရှိကြောင်း၊ နေကြာတစ်တင်းမှာ ဆီနှစ်ပိဿာခွဲခန့်ထွက်ရှိပြီး တစ်ဧကမှာ ဆီ ၇၃ ပိဿာ ကျော်ထွက်ရှိမှာဖြစ်တဲ့အတွက် နေကြာစိုက်ပျိုးသူ တောင်သူများအနေနဲ့ တွက်ခြေကိုက်ပြီး ဝင်ငွေတိုးပွားရရှိမှာဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက ပြောကြားသည်။

 

မျိုးညွန့်ရွှေ (ပြန်/ဆက်)

 

mdn