မိုးနဲ ၁၆ ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မိုးနဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ  ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများမှ မည်သည့်ကတ်ပြားမျှ မကိုင်ဆောင်ရသေးသူများအား ရရှိသင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲပြီး အရှိန်အဟုန် မြှင့်၍ အဖွဲ့သုံးဖွဲ့ ဖွဲ့ကာ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်မြို့များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့်ကျေးရွာများသို့ နေ့/ည ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင် ဦးဆောင်၍ ဝန်ထမ်းများက အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံး စေရေးအတွက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ပြည်သူများအား ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မဲဆန္ဒရှင်စာရင်းများမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအား အသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ မိုးနဲမြို့နယ်ပေါ့မိုင်း ရပ်ကွက်၊ ကုန်းလွန်းကျေးရွာအုပ်စု၊ ကာဟကျေးရွာအုပ်စု၊ မိုက်ဟိုင်းကျေးရွာ အုပ်စု၊ နားခံကျေးရွာအုပ်စု၊ ဝမ်ဟေကျေးရွာအုပ်စု နှင့်ကျိုင်းတောင်းမြို့တွင်ရပ်ကွက် ၁ မှရပ်ကွက် ၅ အထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသော ရပ်ကွက်နှင့် ကျေးရွာများသို့လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့သို့ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့မှ ယနေ့အထိ နိုင်ငံသားဆောင်ရွက်ပေးမှု ၁၇၀၊ စိစစ်‌ ပေးနိုင်သောနံပါတ်ထပ်သူ ၉၂၅ ဦး၊ နံပါတ်ရှာ ဖွေတွေ့ရှိသူ ၁၂၈၀ နှင့် အိမ်ထောင်စု စာရင်းထုတ်ပေးမှု ၆၁ ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မိုးနဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။

 

မျိုးညွန့်ရွှေ (ပြန်/ဆက်)