မိုင်းဆတ် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဇန်နဝါရီ ၁၈ ရက် ည ၉ နာရီက အချိန်အခါမဟုတ် မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့် ဌာနဆိုင်ရာရုံးနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မယ်ဆွမ်မြောက်ရပ်ကွက်ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မျက်နှာစာ တံခါးချက်များ ပျက်စီးခြင်း၊ မြို့နယ် လယ်စီအင်းရုံးရှေ့ ဆိုင်းဘုတ်ပျက်စီးခြင်း၊ လျှပ်စစ် ဓာတ်တိုင် ၁၀ တိုင်၊ MPT ဆက်သွယ်ရေးတိုင် လေးတိုင်ပြိုလဲခြင်း၊ အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်း ရုံးခန်းနှင့် ရေစင်အမိုးလန် ပျက်စီးခြင်း၊ မယ်ဆွမ်မြောက်ရပ်ကွက်မှ နေအိမ်အချို့နှင့် မြို့မဈေး အမိုးလန် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ ပျက်စီးမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)


