မိုင်းဆတ် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဩဂုတ် ၂၆ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် မိုင်းဆတ်-မိုင်းခုတ်သွား ကားလမ်း ဟိုနားကျေးရွာရှိ နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတား ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားသည် (၁၉၉၈)ခုနှစ်က တည်ဆောက်ခဲ့ပြီး အလျား (၄၀)ပေ၊ အကျယ်(၂၄)ပေ၊ တံတားခံနိုင်ဝန် တန်(၃၀)ရှိကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် မိုင်းခုတ်ဘက်ခြမ်းရှိ ကမ်းကပ်ခုံနိမ့်၍ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်တံတားပျက်စီးမှု အခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ယာယီ ဘေလီတံတား တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)