မိုင်းဆတ် ဇန်နဝါရီ   

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ပဲပုပ်(ရေဆင်း-၁၅)မျိုးသန့်ပွားစိုက်ပျိုးမှု ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ဝိန်းနေရပ်ကွက်ရှိ တောင်သူ ဦးသောင်းဟန်စိုက်ပျိုးထားသော ပဲပုပ်(ရေဆင်း-၁၅) မျိုးသန့်မျိုးပွား စိုက်ခင်းသည် ယခင်ဒေသမျိုးစိုက်ပျိုးသည့်နှစ်ထက် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပဲပုတ်အထွက်နှုန်းမှာ တစ်ဧကလျှင် (၁၈)တင်းထွက်ရှိကြောင်း သိရသည်။

 

“အရင်တုန်းက ဒေသပဲပုပ်မျိုးတွေပဲစိုက်ခဲ့တာ အထွက်နှုန်းသိပ်မကောင်းခဲ့ဘူး။ စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းတဲ့အချိန် (ရေဆင်း-၁၅) ပဲပုပ်မျိုးသန့်ကိုစိုက်ကြည့်ပါ အထွက်နှုန်းကောင်းတယ်လို့ ပြောတယ်။ ပဲပုပ်မျိုးကိုလည်း စိုက်ပျိုးရေးဌာနက ထောက်ပံ့ပေးတာနဲ့ စိုက်ကြည့်လိုက်တာ တော်တော်လေး အောင်မြင် ဖြစ်ထွန်းတယ်ဗျ။ ပဲပုပ်ဈေးနှုန်းက (၁)တင်းကို ငွေကျပ်(၃၅၀၀၀)ဈေးကောင်းရရှိတယ်”ဟု တောင်သူ ဦးသောင်းဟန်က ပြောသည်။

 

အဆိုပါ (ရေဆင်း-၁၅)ပဲပုပ်မျိုးသည် စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျစိုက်ပျိုးပြီး သန့်စင်ထားသော မျိုးသန့် မျိုးပွားဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက် စဉ်ဆက်မပြတ်ကွင်းဆင်းကာ အခြားစိုက်ပျိုးသီးနှံမျိုးစေ့များလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တောင်သူများအား စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုများ မျှဝေပေးခြင်းနှင့် သင်တန်းများလည်း ပို့ချပေးလျက်ရှိကြောင်း မျိုးစေ့တာဝန်ခံ ဦးဇော်သိန်းနိုင်ထံမှ သိရသည်။

 

မြင့်မောင်(မိုင်းဆတ်)