မိုင်းဆတ်  ၂၆   ဩဂုတ်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆုံဆို့နာရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားနေခြင်းကြောင့် ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကျဒယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မိုင်းဆတ်မြို့တွင် ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာ(၇)ရွာရှိ အသက်(၁)နှစ်မှာ (၁၅)နှစ်ထိ ကလေးများ ကို အုပ်စု(၃)စုခွဲ၍ DT(Diphtheria and Tetanus) ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဆုံဆို့နာရောဂါ ဖြစ်ပွားခဲ့သော ရပ်ကွက်/ကျေးရွာများတွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသော ကလေးများကို ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

 

ထိုသို့ ဆုံဆို့နာရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျဒယ်ရပ်ကွက်ရှိ ကလေး(၁၀၄)ဦးကို အသက်အရွယ် အလိုက် DT(Diphtheria and Tetanus)၊ TD(Tetanus and  Diphtheria)နှင့် Panta-4 စသည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ပြီး ယနေ့အထိ အသက်(၁၅)နှစ်အောက်ကလေး (၉၄၃)ဦးအား ဆုံဆို့နာရောဂါကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်သည်။ မိုင်းဆတ်မြို့တွင် ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာ(၇)ရွာတွင် ဩဂုတ် ၂၅ ရက်အထိ ဆုံဆို့နာရောဂါဖြစ်ပွားသူ (၂၀)ရှိကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)