လှိုင်းဘွဲ ၁၈ ဩဂုတ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် Greater Mekong Subregion Agriculture and Education Development Center (GMSAEDC)နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲတို့ ပူးပေါင်း၍ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာ တိုက်ပွဲရှောင်စခန်း၌ ယမန်နေ့က ကြွက်နားရွက်မှိုစိုက်ပျိုးထုတ်လုပ်မှု လက်တွေ့ပြသ နည်းပညာပေး သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြိုင်ကြီးငူအထူးဒေသ တိုက်ပွဲရှောင်စခန်း ဥက္ကဋ္ဌ ဦးစောဖိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြိုင်ကြီးငူအထူးဒေသ စိုက်ပျိုးပညာပေးရေး တာဝန်ခံ ဦးစောဖော့ဝါးက သင်တန်းပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ GMSAEDC မှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်သက်မြတ်နိုးဝေမှ စီမံကိန်းနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ လက်ထောက်ဦးစီးမှူး ဦးမျိုးမင်းစိုးက ကြွက်နားရွက်မှို စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများအား စာတွေ့လက်တွေ့ သင်ကြားပြသပေးခဲ့သည်။
ကြွက်နားရွက်မှို စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်းသို့ မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာ တိုက်ပွဲရှောင်စခန်းမှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပြီး ဩဂုတ် ၁၇ ရက်မှ ၂၀ ရက်အထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းကို တက်ရောက်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိတိုးတက်စေရန်၊ မိသားစုဝင်ငွေတိုးပွားကာ ရေရှည်လုပ်ကိုင်ဆောင်ရွက် နိုင်ပြီး သန့်ရှင်းလတ်ဆတ် အာဟာရပြည့်ဝစွာ စားသုံးရောင်းချနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)