မိုင်းကိုင် ၁၄ စက်တင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လောဝ်းတောင် ကျချောင်းရေ အရှိန်ဖြင့်မြင့်တက်စီးဆင်းသည့်အတွက် တုံလောကျေးရွာအုပ်စုအတွင်း လယ်မြေများ ရေတိုက်စားနှစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ  စက်တင်ဘာ  ၁၃ ရက်နေ့  နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးရဲထွန်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးရဲသွေးကျော်၊ မြို့နယ်မြေ စာရင်းဦးစီးဌာနနှင့် တုံလောကျေးရွာအုပ်စုမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါကွင်းဆင်းမှုတွင် နမ့်လောဝ်းတောင်ကျချောင်းရေ အရှိန်မြင့်တက် စီးဆင်းမှုကြောင့်  တုံလောကျေးရွာအုပ်စုအတွင်းရှိ  ဆားတောကျေးရွာ၊ ပန်လော့ကျေးရွာ၊ နမ့်ကတ်ကျေးရွာ၊ တွန်ကျိုင်းကျေးရွာ၊ တုံလောကျေးရွာတို့မှ ကွင်း (၄)ကွင်း တောင်သူ(၂၇)ဦး တို့၏ လယ်မြေဧက (၂၅)ဧကခန့် ရေတိုက်စားနစ်မြှပ်ပျက်စီးခဲ့သည့်အပြင်  နမ့်ကတ်ကျေးရွာ ဒေသခံတောင်သူ လက်လုပ်ဆည်တမံ အပါအဝင် ဆည်တမံ(၄)ခု၊ ဆားတော ကျေးရွာရှိ လယ်တဲတစ်လုံး၊ တုံလောကျေးရွာရှိ ၁၀၀ ကီလိုဝပ် ရေအားလျှပ်စစ် စက်နှစ်လုံး နှင့်  ၅ ကီလိုဝပ် အသေးစားရေအား လျှပ်စစ်စက် တစ်လုံး၊ နမ့်လောဝ်းချောင်းကူး ကွန်ကရစ်တံတား(၄၅××၂၀)ပေ ၏ ကမ်းကပ်ခုံ နှစ်ဖက်တို့ကို ရေတိုက်စားခဲ့ကြောင်းနှင့် ကျေးရွာများရှိ  အဆောက်အဦများ၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။

 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)