မိုင်းကိုင်  ၂  ဒီဇင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ကုံးလုံးကျေးရွာအုပ်စု၊ ဝမ်ကန်ကျေးရွာတွင် သောက်သုံးရေ ရရှိရေး စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် မိုင်းကိုင်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁ဝ နာရီကစစ်ဆေးတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးတိုင်းတာရာတွင် မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းနှင့် ဝန်ထမ်းများက ကျေးရွာရေရရှိ ရေးကော်မတီဝင်များနှင့်အတူ စိမ့်စမ်းရေ ထွက်ပင်ရင်းနေရာများ၊ ရေပိုက်လိုင်းသွယ်တန်းမည့် လမ်းကြောင်း၊ ရေစုကန်တည် ဆောက်မည့်နေရာနှင့် ကျေးရွာသို့ ရေဖြန့်ဝေပေးမည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ဝမ်ကန်ကျေးရွာတွင် စိမ့်စမ်းရေပိုက်လိုင်း ၂ မိုင်သွယ်တန်းခြင်းနှင့် ရေတားတမံတစ်ခု တည်ဆောက်ခြင်း၊ လိုအပ်သည့် ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းများကို လာမည့် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နိုင်ရေး လျာထားတင်ပြ သွားမည်ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း ကပြောပြသည်။

 

အဆိုပါ ဝမ်ကန်ကျေးရွာတွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ပါက ကျေးရွာရှိ အိမ်ခြေ ၁၀၁ အိမ်၊ လူဦးရေ ၄၁၁ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်တို့အတွက် ရာသီမရွေး သောက်သုံးရေရရှိရေး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းသူ