မိုင်းကိုင် ဇူလိုင် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း၊) မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် ရေးဆွဲနည်းများ သင်ကြားပို့ချရာ၌ သင်တန်းသားများအနေဖြင့် ကြိုးစားလိုက်နာ မှတ်သားကြရန်၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ မိမိတို့ကျေးရွာဆိုင်ရာ အချက်အလက်များအား မှန်ကန်စွာ စာရင်းကောက်ယူပြီး စီမံချက်စာအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ကြရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ကျေးရွာသူ ကျေးရွာသားများမှ ကိုယ်တိုင်ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဥ်များ ရေးဆွဲရန်ဖြစ်သောကြောင့် ယင်းစီမံချက်ရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါသင်တန်းသို့ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် လွိုင်ကုန်၊ ပါခါး၊ ထောင်ကော့ကော့၊ ဟိုင်းငင်း၊ ပန်စိမ်း၊ ကုန်းဆာကျေးရွာခြောက်ရွာမှ သင်တန်းသူသင်တန်းသား ၁၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင်စီမံကိန်းရေးဆွဲနည်းများ၊ ကျေးရွာအိမ်ထောင်စုစာရင်း ကောက်ယူနည်းများ၊ ဖွံ့ဖြိုးရေးအခြေပြဇယား ရေးဆွဲနည်းများ၊ ကျေးရွာဖွံ့ဖြိုးရေးမူဘောင် ဇယား ၄၈ မျိုး ဖြည့်သွင်းနည်းများကို စာတွေ့လက်တွေ့ ၅ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ငြိမ်းသူ