မြိုင်၊ ၃ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ညောင်ရွာကျေးရွာ၌ တာဝန်ရှိသူများသည် နွေရာသီကာလ ရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို နိုဝင်ဘာလစတုတ္ထအပတ်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးအောင်၊ ပခုက္ကူခရိုင် ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးတင့်ဝေ၊ မြိုင်မြို့နယ် ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  မူလခွင့်ပြုရန်ပုံငွေဖြင့် ညောင်ရွာကျေးရွာ၌ အကျယ် ၄ လက်မ၊ အနက်ပေ ၈၀၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ၄ လက်မ GI တွင်း ကာပိုက်များ ရောက်ရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ညောင်ရွာကျေးရွာရှိ အိမ်ခြေ ၅၇၃ အိမ်၊ လူဦးရေး ၂၇၀၅ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။    

တက္ကသိုလ်မောင်