မိုင်းဖြတ် ၁၃ စက်တင်ဘာ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အိုက်လုံကျေးရွာအုပ်စု၊ ဟာကြားမုဒီကျေးရွာ၌ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ဩဂုတ်လ ပထမအပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဟာကြားမုဒီကျေးရွာ ကုန်ထုတ်လမ်း အရှည်ပေ ၃၀ဝ၀ ၊ အကျယ် ၁၂ ပေ ပြုပြင်ဖောက်လုပ်ခြင်း လုပ်ငန်းကို စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးဌာနမှ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်သီသီအောင်က ပြောသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင် များနှင့်အတူ ဟာကြားမုဒီကျေးရွာ၌ Cash for Work စီမံကိန်းထောက်ပံရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်အတွင်း Cash for Work စီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဟာကြားမုဒီ ကျေးရွာအပါအဝင် နမ့်ဟွေလုံ၊ ဟွေလုံဝမ်း၊ မိုင်းတင်း(ပေါ်/အောက်)၊ မားမိုးကြယ်၊ ပါဆန်းဒေ့၊ အင်ပါဟူ(အပေါ်/အောက်)၊ မဟီကောင်စသည့် ကျေးရွာများတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုစိုင်း(ကျေးလက်)


