မိုင်းဖြတ် ဇန်နဝါရီ ၃၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိများပါဝင်သည့် ဘိန်းခင်းများဖျက်ဆီးရေးအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီခန့်က နမ့်ပန်ကျေးရွာအုပ်စု၊ ငါးဟေကျေးရွာအနီး စိုက်ပျိုးထားရှိသည့် ဘိန်းခင်း ၃ ဧကခန့်အား စုပေါင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဘိန်းခင်းများဖျက်ဆီးရာတွင် တာချီလိတ်ခရိုင်မှ ဒုရဲမှူးကြီး ဇော်လင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဒုရဲမှူး သောင်းရွှေနှင့် တပ်ဖွဲ့ဝင်များ၊ ဦးညီညီအောင်နှင့် တာဝန်ရှိဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နမ့်ယွန်းပြည်သူ့စစ်ဌာနေမှ ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၅)ဦးတို့သည် ငါးဟေကျေးရွာအနီး မြို့မရဲစခန်း အနောက်တောင်ဘက် မိုင် (၂၀)ခန့်အကွာတွင် စိုက်ပျိုးထားသည့် အမြင့်ပေ (၁)ပေမှ (၃)ပေခန့် ဖူး၊ ပွင့်နေဆဲ ဘိန်းစိုက်ခင်း အကျယ်(၃)ဧကခန့်အား စုပေါင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ငါးဟေမူလတန်းကျောင်းတွင် ဒုရဲမှူးကြီး ဇော်လင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အောင်နှင့် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောခဲ့ပြီး ဒုရဲမှူးကြီး ဇော်လင်းအောင်က ကျေးရွာနေပြည်သူများအား ငွေကျပ် (၂)သိန်း ထောက်ပံ့၍ မုန့်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)