မိုင်းဖြတ်  ၁၀  စက်တင်ဘာ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် မိုင်းဖြတ်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

မိုင်းဖြတ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် မြို့နယ်အတွင်းရှိ ပါလောင်း၊ ညောင်ပင်သာ၊ ရှေ့ခင်(၁)၊ ရှေ့ခင်(၂)၊ တုံလုံ၊ ဘိုရှီး၊ နမ့်နန်းရှမ်း၊ ပါးယောင်း-၁၊ ပါးယောင်း-၂၊ ဟာကြားဒီပ(အပေါ်)၊ ဟာကြားဟုန်ကောင်၊ ဆွပ်ပလောင်း၊ တောညု၊ ဟွေရှဲန်၊ နမ့်ဟိုင်းစသည့် ကျေးရွာ(၁၅)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း(၁၅၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၁၂၂ ဒသမ ၉ သိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းငါးခု၊ ရေရရှိရေးလုပ်ငန်းနှစ်ခု၊ ကျေးရွာခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း ရှစ်ခု စုစုပေါင်းလုပ်ငန်း ၁၅ ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်သီသီအောင် ပြောပြချက်အရ သိရသည်။

 

“ကျွန်မတို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို LIFT Fund နည်းပညာအကူအညီနဲ့ စတင်ဆောင်ရွက်ခဲ့တာပါ။ အခုစီမံကိန်းကနေ ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေ ပါဝင်တဲ့ ဦးစားပေးအလိုက်လုပ်ငန်းစီမံချက်တွေ ရရှိအောင် ကျေးရွာသူကျေးရွာသားတွေ ကိုယ်တိုင်ရေးဆွဲနိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့တော့ စီမံချက်ပါ ဦးစာပေးလုပ်ငန်းကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စတင် ဆောင်ရွက်ပေးပါတယ်။ စီမံချက်မှာပါဝင်တဲ့ ကျန်လုပ်ငန်းတွေကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အခြားဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းတွေရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ အလွယ်တကူ ဆောင်ရွက်နိုင်မှာဖြစ်တယ်” လို့ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်သီသီအောင်က ဆက်လက်ပြောပြသည်။

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို မိုင်းဖြတ်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင်လည်း မြို့နယ်အတွင်းရှိ ကျေးရွာ (၁၀)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၁၀ ခုကို  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

 

ကိုစိုင်း(ကျေးလက်)