မိုင်းဖြတ် ၊ မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသခံတောင်သူများ၏ လယ်ယာမြေများ ရေလွှမ်းမိုးမှုမှ ကာကွယ်ရန်အတွက် နမ့်မယ်ဟုတ်ချောင်း လက်ဝဲဘက်ရှိ ချောင်းဘောင်ကျိုးပေါက်မှု ပြုပြင်ခြင်းလုပ်ငန်း အပိုင်း(၁)ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ချောင်းဘောင်ပြုပြင်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရ အထွေထွေပိုလျှံရန်ပုံငွေ (၅၈.၈၅၀) ကျပ်သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ)ဦးဇော်မင်းဦး၊ ကြီးကြပ်အင်ဂျင်နီယာ ဒုတိယဦးစီးမှူး (မြို့ပြ) ဦးကောင်းမြတ်ဇော်တို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အလျား ပေ ၁၀၀၀၊ အောက်ခြေအကျယ် ပေ ၆၀၊ အနက် ၆ပေ အတိုင်းအတာရှိ လုပ်ငန်းအမျိုးအစားဖြစ်ကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် မြို့နယ်အတွင်း မိုးအဆက် မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ နမ့်မယ်ဟုတ်ချောင်း တာဘောင်ကျိုးပေါက်၍ လယ်ယာမြေအချို့ ရေများဖုံးလွှမ်းမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်၍ ရေလွှမ်းမိုးမှုဘေးမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)