မိုင်းဖြတ် ဧပြီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ ပန်ကြူ ကျေးရွာတွင် ဧပြီ ၁၂ ရက် နံနက် ၄ နာရီခန့်က တောမီးမှတစ်ဆင့် လူနေအိမ် ၇ လုံးနှင့် မီးဖိုချောင် ၄ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ ပန်ကြူကျေးရွာတွင် တောမီးမှတစ်ဆင့် မီးကူးစက်မှုကြောင့် လူနေအိမ် ( ၇ )လုံး နှင့် မီးဖိုချောင် ( ၄ )လုံး၊ စုစုပေါင်း အဆောက်အဦ ( ၁၁)လုံး၊ စပါးကျီနှင့် ဟာလာဆန်စက်တို့ မီးလောင်ကျွမ်းပျက်ဆီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာတွင် မိုင်းဖြတ်လူမှုကူညီရေးအသင်းနှင့် လာဟူအသင်းတော်မှ တာဝန်ရှိသူများ၊ ရွာသားများက ပူးပေါင်းငြှိမ်းသတ်ခဲ့သည့်အတွက် နံနက် ၅ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့် ကျေးရွာသို့ မိုင်းဖြတ်မြို့နယ်မှ တာဝန်ရှိဌာနဆိုင်ရာများက သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ( ပြန် / ဆက်)