မိုင်းဖြတ် ၂ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက စားသောက်ဆိုင်ကြီးများ၊ ကုန်စုံဆိုင်များတွင် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူ ရဲမှူးအောင်မျိုး၊ မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် စားသောင်ဆိုင်ပိုင်ရှင်များ၊ ကုန်စုံဆိုင်ပိုင်ရှင်များအား မိမိတို့သည် စျေးဝယ်များနှင့် တိုက်ရိုက်ထိတွေ့ရသည့်အတွက် စျေးဝယ်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်မှတ်အကွာအဝေးမှနေ၍ စားသောက်ခြင်း၊ ရောင်းချြခင်းများ၊ ရရှိသည့် ငွေများကို လက်အိတ်ဖြင့် ကိုင်တွယ်ခြင်းများစသည့် လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာ ကျင့်သုံး ဆောင်ရွက်စေရေးတို့ကို အသိပညာပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း၊ စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်ကြီးများကို တိကျလိုက်နာဆောင်ရွက်မှုမရှိတဲ့ ဆိုင်များကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းထံမှ သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)


