ကျိုင်းတုံ ဇူလိုင် ၂၃
မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းကျတ် ကျေးရွာအနီးရှိ မိုင်းကျတ်အထက်ဂူတွင် ၂၀၁၉ ခုနှစ် ဧပြီ ၂၈ ရက်မှ စတင်၍ အဓိဋ္ဌာန်ပြု တရားကျင့်ကြံ အားထုတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဋ္ဌာန်ပြည့်၍ မိုင်းကျတ်အထက်ဂူမှ ထွက်တော်မူလာမည်ဖြစ်ပြီး ဆရာတော်အား လာရောက် ဖူးမြော်သူများ အဆင်ပြေစေရေးအတွက် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းဖုန်း ဆရာတော်သည် ဇူလိုင် ၃၁ ရက်တွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဋ္ဌာန်ပြည့် မိုင်းကျတ်ဂူမှ ထွက်တော်မူလာမည်ဖြစ်ပြီး မိုင်းကျတ်အောက်ဂူတွင် အပူဇော်ခံကာ တရားတော်များ ဟောကြားမည်ဖြစ်ကြောင်း သိရသည်။
ဆရာတော်အား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရေး၊ နေထိုင်တည်းခိုရေး၊ သောက်သုံး ရေနှင့် လျှပ်စစ်မီး လိုအပ်ချက်များ အဆင်ပြေစေရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၁ ရက်က လာရောက်ကြည့်ရှု၍ အလှူငွေများ လှူဒါန်းပြီး လိုအပ်သည်များ ကူညီပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)