မိုင်းပန် ၂၃ ဇွန်
ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို တစ်နေရာတည်းတွင် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မိုင်းပန်မြို့နယ်၊ ဆားဝါးကျေးရွာအုပ်စု၊ ပိန်းလုံ(ရွာသစ်)တွင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)မှ Mobile Service Delivery အဖြစ် ကွင်းဆင်း ဆောင်ရွက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီခွဲခန့်က ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိုင်းကျော်မိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ လင်းခေးခရိုင် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ ဦးနိုးဝေတို့က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များကို ကန်မောက်လျှံ ရွာသားများ လက်ဝယ်သို့ လည်းကောင်း၊ ခရိုင်ရဲမှူးကြီး သန်းဇော်ဦးနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ခရိုင်ဦးစီးမှူးဦးသန့်ဇင်တို့က အိမ်ထောင်စုစာရင်း (၆၆/၆)များကို လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က မွေးစာရင်းလက်မှတ်များကို ပိန်းလုံပြည်သူများထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးက ယနေ့ခေတ် ပညာရေးအခြေနေများကို ရှင်းလင်းပြီး မြို့နယ်ဆရာဝန်က ပြည်သူတို့အတွက် ကျန်းမာရေး သိကောင်းစရာများ ဆွေးနွေးပြီး အခမဲ့ကျန်းမာရေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား(၃၀ဝ)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေစင်(မိုင်းပန်)