မိုင်းပန် ၁၆ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သောက်သုံးရေရှားပါးပြတ်လတ်မှု မရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ငွေကျပ် သန်း(၂ဝ) အား ခွဲဝေချထားပေးရာ ယနေ့ နံနက် (၁၁) နာရီအချိန်တွင် နမ့်ပန်ခန်းမအတွင်း၌ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သောက်သုံးရေ ရှားပါးပြတ်လတ်မှုမရှိစေရေး ပြည်သူများအတွက် အမှန်တကယ်လိုအပ်သော လုပ်ငန်းများအား ကျေးရွာများမှ လိုအပ်ချက်များ တင်ပြခဲ့မှုအပေါ် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့မှ ဇူလိုင်လ (၈) ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ခွဲဝေချထားပေးခြင်းဖြစ်ကြောင်း သိရသည်။ ထောက်ပံ့ငွေကျပ် သန်း (၂ဝ) သည် ကျေးရွာ (၁၂) ရွာရှိ လုပ်ငန်းပေါင်း (၁၄) ခုအတွက် ဖြစ်ပြီး ဂါလန် (၂ဝဝဝ) ဆံ့ ရေကန် တည်ဆောက်ခြင်း လုပ်ငန်း (၄) ခု၊ ဂါလန်(၁ဝဝဝ) ဆံ့ ရေကန် တည်ဆောက်ခြင်းလုပ်ငန်း (၁) ခု၊ ၂'' PVC ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း (၃) ခု စုစုပေါင်းအရှည် (၉၁၀၀ ) ပေ၊ ၁'' PVC ရေပိုက် သွယ်တန်းခြင်းလုပ်ငန်း (၄) ခု စုစုပေါင်းအရှည် ( ၄၈၀၀ ) ပေ၊ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်း (၁) ခုနှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်း (၁) ခု တို့ ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများအတွက် ခွဲဝေချထားပေးသော ငွေကျပ်သန်း (၂ဝ) အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ခံများ၏ လက်ဝယ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းပန်(ပြန်/ဆက်)


