မိုင်းပျဉ်း ၁၂ စက်တင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ၌အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကလေးများ အား ဆုံဆို့နာရောဂါ ကာကွယ်ဆေးနှင့် အမှီလိုက်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၁ရက်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နန်းမြအေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်တပ်ရင်းတပ်ဖွဲ့မှသားဖွားဆရာမများ၊ မြန်မာနိုင်ငံကျန်း မာရေးမှူးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း အဖွဲ့ဝင်များ၊မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ရှိ အသက် ၁ နှစ်မှ ၁၅ နှစ်အတွင်းကလေးများအား ရပ်ကွက်အလိုက်စာ ရင်းပေး သွင်းခြင်း/လက်ခံခြင်းနှင့် အစီအစဉ်အလိုက် ဆုံဆို့နာရောဂါကာကွယ်ဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံပေးကြကြောင်း သိရသည်။
အဆိုပါ ဆုံဆို့နာရောဂါအပါအဝင် အမီလိုက်ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာလ ၉ ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်ရှိ တပ်(၄) တပ် တွင်သွားရောက် ထိုးနှံပေးပြီး၊ စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိ ကလေးများအားမိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်


